Pages

Tuesday, August 18, 2009

"ဟုတ်ဟုတ် မဟုတ်ဟုတ် ပြောတတ်တာကိုက မဆိုးပါဘူး"

ိအကျွန်ုပ်ရန်ကုန်မှာနေစဉ်က အဖြစ်အပျက်ကလေးတစ်ခုပါဘဲ။ အကျွန်ုပ်တို့ သူငယ်ချင်းတစ်စုသည် နံနက်စောစော ဒကာတစ်ယောက်အိမ်သို့ ဆွမ်းစားကြွကြလေသည်။ မိမိက တရားအနည်းဟောပြီးနောက် ဆွမ်းစားရင်း ဒကာ ဒကာမများနှင့် စကားပြောကြလေသည်။ မျက်နှာကြီး ဆွမ်းဒကာဆိုတော့ လာရောက်ကြတဲ့ ပရိသတ်ကလဲ အလွန်ဘဲများလှချေ၏။ ထိုတွင် သူငယ်ချင်းဖြစ်သူက မိမိအား ဂုဏ်တက်စေလိုသည့်အတွက် ဒကာများကို မိတ်ဆက်ပေး၇င်း ကြွားပြလေ၏။
"ဒကာကြီး ဒကာမကြီးတို့ ခုတရားဟောသွားတဲ့ ဦးဇင်းလေးက လူသေးတယ်ဆိုပြီး အထင်မသေးလိုက်နဲ့ ၊ သူက အိန္ဒိယမှာ ဒေါက်တာလုပ်နေတာ၊ အင်္ဂလိပ်စကားလဲကောင်းကောင်းပြောနိုင်တယ်၊ ပြီးတော့ ဖြတ်ထိုးဥာဏ်လဲကောင်းတယ်၊ တစ်နေ့က ဦးဇင်းတို့ကျောင်းကို စပိန်နိုင်ငံက ဇနီးမောင်နှံနှစ်ယောက်လာတယ်၊ သူတို့က မေးတယ်၊
ဒီကျောင်းဝိုင်းအတွင်းမှာ တပည့်တော်တို့ကြတော့ ဖိနပ်မစီးရဘူး အရှင်ဘုရားတို့ကြတော့ ဖိနပ်စီးတယ်၊ ဘာကြောင့်လဲတဲ့ အဲဒီအချိန်မှာ ဒီဦးဇင်းလေက ဖြတ်ထိုးဥာဏ် ကောင်းကောင်းနဲ့ဖြေလိုက်တယ်လေ၊ ဒို့က မင်းတို့လို အိမ်ထောင်မပြုဘူး၊ ပြီးတော့ ညစာလဲမစားဘူး၊ ဒါကြောင့် ဒီကျောင်းဝိုင်းအတွင်းမှာ ငါတို့က ဖိနပ်စီးခွင့်ရတယ်၊ အဲဒီလိုရှင်းပြလိုက်တယ် ဒကာကြီးတို့ရေ" တဲ့ မိမိအကြောင်း အာဘောင်အာရင်းသံသံနှင့် ဂုဏ်တင်ပြောကြားနေသော သူငယ်ချင်းအား စိတ်ထဲမှ ကျေးဇူးပင် တင်မိနေတော့သည်။ မိမိရင်တွင်း၌လည်း ပီတိစိတ်များ တဖွားဖွားပင်ဖြစ်၍ နေလေတော့သည်။ သို့သော် ပရိသတ်အတွင်းမှ ဒကာကြီးတစ်ယောက်ပြောလိုက်သောစကားကြောင့် ဖြစ်လက်စပီတိစိတ်များပင် လွင့်ပျောက်သွား ရလေတော့ သည်။ ဒကာကြီးပြောလိုက်သော စကားသည်ကား
"ဟုတ်ဟုတ် မဟုတ်ဟုတ် ပြောတတ်တာကိုက မဆိုးပါဘူး" တဲ့ ဒကာကြီးပြောလိုက်သော စကားက မိမိရဲ့ သီလကိုပင် ယုံကြည်ဟန်မရှိပေ။ အော် ဒါမျိုးလဲ ကြုံဦးမှပေါ့ မောင်ဇ၀နရေ လို့ပင် ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်ရပေတော့သတည်း။

0 comments:

Post a Comment

 

Go Up အပေါ်သို့