Pages

Wednesday, August 26, 2009

"မိမိရွာမှ တိပိဋ္ဋကမရ ကျမ်းပြုအကျော် ဦးဇင်းကြီး"



မိမိတို့၏ သာသနတက္ကသိုလ်ကြီးသည် ခြောက်လတစ်ကြိမ် ကျောင်းပိတ်ပေးလေ့ရှိသည်၊ တက္ကသိုလ်ကြီးပိတ်လျှင် အကျွန်ုပ်သည် မိမိရပ်ရွာပြန်၍ ကိုရင် ကျောင်းသားများကို စာပြပေးလေ့ရှိသည်၊ အကျွန်ုပ်တို့ ကျောင်း၌ ကိုရင် ကျောင်းသားများအပြင် ဦးဇင်းကြီးတစ်ပါးနှင့် ဦးဇင်းငယ်တစ်ပါးရှိသည်၊ ဆရာတော်သည် ထိုနှစ်ပါးကို အသက်ကြီးမှ သာသနဘောင်အတွင်းဝင်ရောက်လာသည်ဖြစ်၍ စာသင်မပေးတော့ချေ၊ "ကိုယ်တော်တို့ ကိုယ်တိုင်သာ လေ့လာကြတော"့ ဟု မိန့်တော်မူပြီး စာအုပ်များထုတ်ပေးထားလေသည်၊ ထိုနှစ်ပါးတွင် ဦးဇင်းကြီးကတော့ စိတ်ပါဝင်စားစွာဖြင့် စာပေများကို လေ့လာနေသည်၊ သူသည် စာဖတ်သောအခါ အသံနေအသံထား တရားသံဖြင့် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ဖတ်လေ့ရှိသည်၊ နိုင်ငံကျော် ဓမ္မကထိကများကို အားကျနေသည် ထင်ပါ၏၊ တစ်နေ့ မိမိ စာကြည့်နေစဉ် စာရွက်တစ်ရွက်ကို ကိုင်၍
"ဦးဇင်း ဒီစာလေး မှန် မမှန်စစ်ဆေးပေးပါအုံး"ဟု လာရောက် စစ်ဆေးခိုင်းသည်၊သူ၏ စာကတော့
"ယနေ့ ယခု လှူဒါန်းရသော ကောင်းမှုကြောင့် ဒကာ ဒကာမအပေါင်းတို့သည် ကာမ (၁၁) ဘုံသို့ ရောက်ကြလေ တော့သတည်း" တဲ့ မိမိသည် စာကို ဖတ်ပြီးသော အခါ
"ဦးဇင်းကြီး ဒီစာဘယ်က ရခဲ့သလဲ" ဟု မေးသောအခါ ဦဇင်းကြီးက
"တပည့်တော် ကိုယ်တိုင် ရေးထားတာ"တဲ့ ဒါနဲ့ မိမိက
"ဦးဇင်းကြီး ကာမ (၁၁)ဘုံဆိုတာ နတ်ပြည်ခြောက်ထပ်၊ လူ့ဘုံ၊ ပြီးတော့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် လို့ခေါ်တဲ့ အပါယ်လေးဘုံး တို့ကိုပြောတာ၊ ဦးဇင်းကြီးရဲ့ စာက ဒကာ ဒကာမတွေက လှူလဲ လှူရသေးတယ် ၊ ထို လှူတဲ့ တမ်းတဲ့ ဒကာ ဒကာမတွေကို ငရဲဘုံ တိရစ္ဆာန်ဘုံတွေကို ရောက်ပါစေလို့ဆုတောင်းပေးသလို ဖြစ်နေပြီ၊ " ဟု မိမိက ပြောလိုက်လေသည်၊ ဤတွင်မှ ဦးဇင်းကြီးက
"တင့်ပါ့ တင်ပါ့ "ဆိုပြီး သူ့စာရွက်သူ ယူ၍ ပြန်သွားလေတော့သည်၊
ထိုအကြောင်းနှင့် ပတ်သက်၍ မိမိသည် ဆရာတော်အား လျှောက်ထားမိသည်၊ ထိုအခါ ဆရာတော်က
" ဒီဦးဇင်းကြီး တယ်ခက်တာဘဲ၊ ဟိုတစ်နေ့ကလဲ အသံကျယ်ကြီးနဲ့ဘုရားဝတ်တက်နေတယ်၊ သူ့ ဘုရားဝတ်တက်မှာ ပါတဲ့စာက မဂ်လေးတန် ဖိုလ်လေးတန်တို့ရဲ့ ကုန်ရာ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်သို့ လျှင်မြန်စွာ ရောက်ရပါလို၏တဲ့ကွာ၊ ဒါနဲ့ ငါက ဦးဇင်းကြီး ဒီစာကို ဘယ်ကရသလဲလို့ မေးတဲ့ အခါ "တပည့်တော်ကိုယ်တိုင်ရေးထားတာ" တဲ့ ငါလဲ ဦးဇင်းကြီး နိဗ္ဗာန်ဆိုတာ မဂ်လေးတန် ဖိုလ်လေးတန် တို့ဖြင့် မျက်မှောက်ပြုအပ်တဲ့တရား၊ ဘုရားဟောတရားတွေလဲ ဦးဇင်းကြီးလုပ်မှ ပျက်ကုန်တော့မှာဘဲ၊ ပညာတတ်ဆရာ တော်တွေ ရေးထားတဲ့ စာတွေရှိတယ်၊ အဲဒီစာတွေကိုဘဲ ကုန်အောင်ဖတ်ပါအုံး၊ ဘာကြောင့် မတတ်ဘဲနဲ့ ကိုယ့်ဘာသာကို တီထွင်ပြီးရေးချင်ရတာလဲ။ "လို့ ဆုံးမထားသေးတယ်ကွ" ဟုဆရာတော်က မိမိအား ပြောကြားလေသည်၊
တစ်နေ့ ဆရာတော်နှင့် မိမိသည် ဆရာတော်၏ ဇာတိရွာသို့ ကထိန်ကိစ္စဖြင့် ကြွသွားကြသည်၊ ထိုဦးဇင်းကြီးသည် ကျောင်းတွင် ကျန်နေခဲ့သည်၊ ထိုနေ့ကား ဥပုသ်နေ့ဖြစ်သည်၊ ဥပုသ်သည်များက သူ့ကို သီလပေးခိုင်းလေသည်၊ ဥပုသ်သည်များ၏ ကန်တော့ကျိုးပြီးသွားသည်မှာ ဆယ်မိနစ်လောက်ရှိပြီ၊ ဦးဇင်းကြီး၏ ဆုပေးအသံက ထွက်မလာသေး၊ ဤတွင် မိမိ၏ ဘကြီးဖြစ်သူ ဘိုးတင်ညွန့်က
"ဦးဇင်းကြီး ဆုပေးတော့လေ ဘာလုပ်နေတာလဲ"လို့ လျှောက်ထားသောအခါ
'ဒကာကြီး ဦးဇင်း ဆုပေးမေ့သွားလို့ သွားကြည့်လိုက်ပါအုံးမယ်" ဆိုပြီး သိမ်တိုက်ထဲ ၀င်သွားတာ ပြန်ပေါ်မလာ တော့ချေ၊ ထိုအခါ ဦးအေးသောင်းကလိုက်ပြီး အကျိုးအကြောင်းမေးကြည့်သောအခါ
"အေးသောင်ရေ ဥပုသ်များကို ပြောလိုက်ပါ၊ ဦးဇင်း ငှက်ဖျားတက်နေလို့ သီလမပေးနိုင်တာကို ခွင့်လွှတ်ဘို့ ပြောပေးပါကွာ"တဲ့ ဦးအေးသောင် အပြောအရတော့ "ဦးဇင်းကြီးဟာ တကယ်ငှက်ဖျားတက် မတက်တော့ မသိဘူး တုန်နေတာတော့ သေချာဘဲ"တဲ့ ဒါနဲ့ဘဲ ထိုနေ့က ဥပုသ်သည်များ သီလမယူလိုက်ရတော့ပေ၊
မိမိကောက်ချက်ချလိုက်မိသည်ကတော့
' ဦးဇင်းကြီး ငှက်ဖျားကြောင့် တုန်တာတော့ မဖြစ်နိုင်ချေ၊ ဒီအတုန်သည်ကား ကြောက်ဒူးတုန်ခြင်းသာ ဖြစ်ချေမည်၊" "မယုံမရှိနဲ့ ငမှုံ ကိုယ်တွေ့"လို့သာ ပြောလိုက်ချင်ပါတော့သည်။
ဤတွင် အကျွန်ုပ်တို့ရွာမှ တိပိဋ္ဋကမရ ကျမ်းပြုအကျော် ဦးဇင်းကြီး ဦးအောင်သောင်း၏ အကြောင်းအတ္ထုပ္ပတ် နိဂုံး ကပတ်အဆုံးသတ်ပေတည်း။

0 comments:

Post a Comment

 

Go Up အပေါ်သို့